ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိ

ကျောက်ဆည် အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင် တည်ရှိ သော ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးတွင် ယနေ့သီတင်းကျွတ် လပြည့်နေ့တွင် ဘုရားဖူးပြည်သူများ စည်ကား လျက်ရှိကြောင်း သိရှိရသည်။

ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့ပြီး အရှင်အရဟံ သိမ်သမုတ်ခဲ့သော ဘုရားတစ်ဆူဖြစ်ကြောင်းနှင့် အုန်းပွဲ၊ ငှက်ပျောပွဲ၊ ပန်းနံ့သာများဖြင့် သစ္စာအဓိဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများပြည့်ဝသော ဘုရားကြီးအဖြစ် လူသိများထင်ရှား လျက်ရှိပြီး မန္တလေးမြို့ မြရိပ်နန္ဒာ ရပ်ကွက် တွင်နေထိုင်ပြီး ပွဲရုံတစ်ရုံ၌ ကုန်တင်ကုန်ချလုပ်ကိုင်နေတဲ့ ကိုအောင်ဆန်းဦးက “ကျွန်တော်အခု ဒီဆုတောင်းပြည့် မဟာရွှေသိမ်တော် ဘုရားကြီးကို လာရောက်ဖူး မျှော်တာ အခုအခါနဲ့ဆို (၂) ကြိမ်ရှိပါပြီး ဒီဘုရားကြီးက အုန်းပွဲ၊ ငှက်ပျောပွဲ၊ ပန်းနံ့သာတွေနဲ့ ပွဲထိုးပြီး လိုရာဆုတောင်းရင်ပြည့်တယ်လို့ ကြားသိရလို လာရောက်ဖူးမျော်ရခြင်းဖြစ်ပါတယ် အရင်တစ်ခါ ပွဲထိုးဆုတောင်း တာပြည်ဝလို့ အခုတစ်ခါလာရောက် ဖူးမျှော်ခြင်းဖြစ်ကြောင်း” ကိုအောင်ဆန်းဦး ပြောပြ၍ သိရှိရသည်။

ယခုအခါ ဆုတောင်းပြည့်မဟာရွှေသိမ်ဘုရားကြီးအား ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော် ကြည်ညိုနိုင်စေ ရေးအတွက် ဘုရားဂေါပကလူကြီးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ထားပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပေးထား၍ အဓိဌာန်ပြုရန်နေရာများ သီးသန့်သတ်မှတ်ပေးထားကာ စောင့်ကြည့်ကင်မရာများလည်း တပ်ဆင်ပေးထားကြောင်း သိရှိရသည်။