ချင်းရွှေဟော် အောက်တိုဘာ ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် အကြောင်းကြားထားသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်းတုန်ပြည်နယ်နှင့် ယူနန်ပြည်နယ်တို့ရှိ အချုပ်ထောင်/ ရဲစခန်းတို့တွင် ပြစ်ဒဏ်ကျ/ ထိန်းသိမ်းခံခဲ့ရသော မြန်မာနိုင်ငံသား ကျား(၆၂)ဦး၊ မ(၂၁)ဦး၊ စုစုပေါင်း(၈၃)ဦးတို့အား ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နယ်စပ် စစ်ဆေးရေးဂိတ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်ခြားစောင့်လူဝင်မှုစစ်ဆေးရေးဌာနမှ ရဲမှူး ကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့မှ လာရောက်လွှဲပြောင်းပေးသဖြင့် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဇော်ဝင်းမြင့် နယ်စပ်စစ်ဆေးရေး စခန်းမှ လဝကမှူး ဦးဖေမောင်ကျော်တို့ပါဝင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သား(၈၃)ဦးသည် ချင်းရွှေဟော်၊ မူဆယ်မြို့များရှိ နယ်စပ်ဂိတ်မှ BP ဖြင့်လည်းကောင်း၊ တရားမဝင်တောလမ်းမှ လည်းကောင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြပြီး တရုတ်နိုင်ငံ၊ ကွမ်းတုန်ပြည်နယ်၊ တုန်းကွမ်မြို့၊ ရှောင်းလန်မြို့၊ ကျင်းမိန်မြို့၊ ကျင်းမိုင်မြို့၊ ဟွေးရန်မြို့၊ တုန်းရန်မြို့၊ ယူနန်ပြည်နယ်၊ မိန်းတိန်မြို့ တို့တွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိရာမှ နယ်မြေကျော်ဝင်ရောက်မှုဖြင့် တရုတ်ရဲမှဖမ်းဆီးပြီး ပြစ်ဒဏ်များ ကျခံခဲ့ရာမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သူများဖြစ်သည်။
မြန်မာနိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးခဲ့သည့် အဆိုပါ မြန်မာနိုင်ငံသား စုစုပေါင်း(၈၃) ဦးအား ချင်းရွှေဟော် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းဆောင်ရွက်ခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ ၎င်းတို့မှာလူကုန်ကူးခံရသည့် ဖြစ်စဉ်များ မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
၎င်းမြန်မာနိုင်ငံသားများအား စိစစ်မေးမြန်းပြီးနောက် လတ်တလောရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း တရုတ်နိုင်ငံမှ ပြန်လာသူများဖြစ်၍ ကိုဗစ်(၁၉)ကော်မတီ၏ စောင့်ကြည့်စစ်ဆေးမှုခံယူရန် ရပ်ကွက်(၃)ရှိ အခြေခံပညာ အထက်တန်းကျောင်းယာယီ Quarantine Centre နှင့် ရပ်ကွက်(၁)ရှိ ယာယီအဆောက်အဦးသို့ ပို့ဆောင်ထားရှိပါသည်။
၎င်းတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ နှင့် အညီ ကုသရေးဦးစီးဌာနမှ သတ်မှတ်ရက်အတွင်း ကျန်းမာရေးစစ်ဆေးမှုများ ထပ်မံဆောင်ရွက် သွားမည်ဖြစ်ပြီး Negative ရလာဒ်ထွက်ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးတွင် ဆက်လက် Quarantine ဝင်ရောက်သွားရန် ပြန်လည်စေလွှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူမောင်မောင်(ပြန်/ဆက်)