အဘိဓမ္မာအခါတော်နေ့တွင် ဘုရားစေတီ၊ ပုထိုး၊ ဘုန်းတော်ကြီးကျောင်းများ၌  ဘုရားဖူးများဖြင့် စည်ကားလျက်ရှိ

မင်းပြား အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌  အဘိဓမ္မာအခါတော်နေ့ (သီတင်းကျွတ်လပြည့်နေ့) တွင် ဘုရား၊ စေတီ၊ ပုထိုးဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူးသူများ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မင်းပြားမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီလဆောက်တည်ခြင်း၊  မင်းပြားမြို့၏အထင် ကရနေရာတစ်ခုဖြစ်သည့် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ လျှာတော်ဓာတ်ကိန်းဝပ်စံပ္ပါယ်တော်မူသည့် ကျိန်းတောင်(ဇီဝှါ)ဓာတ်တော်အား အနယ်နယ်အရပ်ရပ်မှဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးမျော်နိုင်ရန် မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မင်းပြားမြို့နယ်ရှိ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၊  လူငယ်အဖွဲ့ အစည်းများက  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန်ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက်ထားရှိပြီး ဘုရားပရဝုဏ်အတွင်းသန့်ရှင်းသာယာလှပရေးနှင့်  စိတ်အေးချမ်းပျော်ရွှင်စွာ သီလဆောက်တည်နိုင်ရန်၊ ကုသိုလ်ကောင်းမှုများပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားလျက်ရှိသည်။

အဘိဓမ္မာအခါတော်နေ့ (သီတင်းကျွတ်လပြည့်နေ့)တွင် ကျိန်းတောင်(ဇီဝှါ) ဓာတ်တော်၌ မင်းပြားမြို့နယ်အတွင်းရပ်ကွက်နှင့် ကျေးရွာအသီးသီးက ဘုရားဖူးပြည်သူ၊ စေတာနာရှင်အလှူရှင်၊ သီလဆောက်တည်ကြပြီး  လူငယ်အဖွဲ့အစည်းများက စုပေါင်း၍  သီတင်းကျွတ်လဆန်း(၁၃)ရက်က  စတင်ကာ သီတင်းကျွတ်လပြည့်ကျော်(၂)ရက်နေ့ထိ  မိမိတို့၏ရပ်ကွက်ကျေးရွာအလိုက်နှစ်စဉ် နှစ်တိုင်းရခိုင်ရိုးရာ ယဉ်ကျေးမှု စဉ်လာမပျက် ဆီမီးထွန်းပူဇော်ပွဲကိုကျင်းပလျက်ရှိသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်နှင့်အတူ သက်ကြီးဘိုးဘွား၊ မိဘ၊ ဆရာသမား၊ ဆွေမျိုး၊ မိသဂ်ဟများ အား ရှိခိုးကန်တော့ခြင်း၊  ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ ပျော်ပွဲ၊ ရွှင်ပွဲများကိုလည်း အေးချမ်းစွာ ကျင်းပလျက်ရှိရာ အဘိဓမ္မာအခါတော်နေ့တွင် စည်ကားလျက်ရှိကြောင်း သိရသည်။

သိန်းနုအောင်