မိုင်းပျဉ်းမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၃၉၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ပထမအကြိမ် ထိုးနှံပြီးစီး

မိုင်းပျဉ်း အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ပထမအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်နေရာအသီးသီးတွင် အောက်တိုဘာ ၁၆ ရက်နေ့မှစ၍ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ဆေးထိုး သတ်မှတ်စု ရပ်နေရာ(၂၈)နေရာတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ အလယ်တန်းအဆင့် ကျောင်းသား (၁၄၁)ဦး၊ ကျောင်းသူ(၁၆၀)ဦး၊ ပေါင်း(၃၀၁)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား(၃၉)ဦး၊ ကျောင်းသူ (၅၀)ဦး၊ ပေါင်း(၈၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၉၀)ဦးတို့ကို ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းအဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)