ညောင်ရွှေမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးရောင်း ဈေးဝယ်များကို ကိုဗစ်-၁၉ရောဂါ ရှိ၊ မရှိ စစ်ဆေး

ညောင်ရွှေ     အောက်တိုဘာ     ၂၀

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ချထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့မမင်္ဂလာဈေးနှင့် ကျောက်တိုင်ကွင်း ယာယီဈေးတို့၌ ရောင်းချလျက်ရှိကြသည့် ဈေးသည်များနှင့် ဈေးဝယ်သူ ၇၉၅ ဦးကို  RDT Test Kit ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် Nyaungshwe Youth Icon ပရဟိတအဖွဲ့တို့က စစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်ဦးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခြင်းမရှိသည့် ဈေးသည်များကို ဈေးရောင်းချခွင့်ကတ်ပြားများ ထုတ်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးလက်ဈေးများတွင်လည်း ကိုဗစ်-၁၉ရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးသူရိန်