တိုက်ကြီး အောက်တိုဘာ ၂၀
သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုး တက်လာစေရန်နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်သော အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စံပြကျေးရွာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၃၄)ရွာတို့တွင် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ခေါင်းဆောင်မှု သင်တန်းကိုဖွင့်လှစ် သင်ကြားပို့ချ ပေးနိုင်ခဲ့ကြောင်း တိုက်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
သင်တန်းဖွင့်လှစ်ရာတွင်လည်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသ သောက်သုံးရေရရှိရေး၊ ကျေးလက်မီးရရှိရေး၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေး ရွာများ အနက် ကျေးရွာ(၃၄)ရွာတို့တွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား အသိပညာပေးဗီနိုင်းပိုစတာများနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခြင်း၊ ကျေးရွာအချက် အလက်များ ကောက်ယူရာတွင် စနစ်တကျဖြစ်စေရေးအတွက်လည်း စီမံကိန်းဆိုင်ရာ အချက်အလက်များကို စနစ်တကျ လေ့ကျင့် သင်ကြားပို့ချပေးခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ သင်တန်းကို တိုက်ကြီးမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်မှ စတင်၍ ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်သင်တန်းတွင် ကျေးရွာ(၆)ရွာတို့မှ သင်တန်းသား၊ သင် တန်းသူ (၁၄) ဦး၊ ဒုတိယအကြိမ် သင်တန်းတွင် ကျေးရွာ(၁၄)ရွာတို့မှ သင်တန်းသား၊ သင်တန်းသူ (၂၈)ဦးနှင့် တတိယအကြိမ် မြောက်သင်တန်းတွင် ကျေးရွာ(၁၄)ရွာတို့မှ သင်တန်းသား၊ သင်တန်းသူ (၂၈)ဦး စုစုပေါင်းကျေးရွာ (၃၄) ရွာတို့မှ သင်တန်းသား၊ သင်တန်းသူ (၇၀) ဦးတို့ သင်တန်းတက်ရောက်ခဲ့ကြ ကြောင်းလည်း သိရသည်။
သင်တန်းဖွင့်လှစ်ပေးနိုင်ခဲ့သည့် ကျေးရွာ(၃၄)တို့အား စီမံကိန်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးခြင်းများ၊ အကဲဖြတ်ခြင်း၊ ဆန်းစစ်အမှတ် ပေးမှုများပြုလုပ်ခြင်းနှင့် စံပြကျေးရွာရွေးချယ်ခြင်းတို့ကို ဆက်လက်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက ပြောသည်။
စန်းကလျာခိုင် (ပြန် / ဆက်)