ဘူးသီးတောင် အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အထက (၁)ဘူးသီးတောင်နှင့် အထက(၂) ဘူးသီးတောင်တို့၌ စုရပ်ထားရှိကာ ယနေ့နံနက် (၉)နာရီအချိန်မှ ဆက်လက် ထိုးနှံပေးသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူ များအား သတ်မှတ်နေရာသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ကူညီဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးကာ မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေပညာကျောင်းများမှ အသက် ၁၂နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမည့် ကျောင်းသား/ကျောင်းသူ (၈၅၉၃)ဦးရှိပြီး အောက်တိုဘာလ (၁၆)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ (၁၈)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၇၀၇၄)ဦးရှိကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)