မောက်မယ် အောက်တိုဘာ ၁၉
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီက စျေးတန်းရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အတူ မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း ၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း ၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုတိုင်းတာ ပေးခြင်းနှင့် စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ COVID-19 ရောဂါ ကာကွယ်ဆေးကို တရုတ်နိုင်ငံထုတ် (Sinovac) အမျိုးအစား ကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် လူနှစ်ယောက်နှုန်းဖြင့် ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် We Love Maukmai Volunteer စေတနာ့ဝန်ထမ်း အဖွဲ့များ ပူးပေါင်း၍ စျေးတန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပညာသင်ကြား လျက်ရှိသည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား / ကျောင်းသူများအား ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)