ကျောက်ဖြူ အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ နဝရတ် ခန်းမဆောင်တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက တတိယမြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် ဆေးထိုးရန် လာရောက် ကြသည့် အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဌာနမှ ဝန်ထမ်းများက လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိသည်။
ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် စပ်လျဉ်း၍ ကျောက်ဖြူမြို့၊ အထက(ခွဲ) အလက(၁)မြို့မကျောင်းမှ အဠမတန်းတက်ရောက်နေသည့် မောင်ကောင်းထက်ကျော်က “ ကျွန်တော်အသက်က ၁၅ နှစ်ရှိပါပြီ၊ အခုလို ကိုဗစ်ကာကွယ်ဆေးထိုးထားတာဟာ အလွန်ပဲကောင်းပါတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ရော ဂါကူးစက်မှုလည်း လျော့နည်းနိုင်ပါတယ်၊ ကိုဗစ်ကူးစက်မှုမြင့်နေချိန်မှာ ကျောင်းတွေပိတ်ထားတော့ ကျွန်တော်က အိမ်မှာပဲစာကျက်နေပါတယ်၊ ဒီကာကွယ်ဆေးတွေထိုးပြီးလို့ရှိရင် ကျောင်းတွေလည်း ပြန်ဖွင့်တော့မယ်လို့ သိရတဲ့အတွက် အရမ်းပဲဝမ်းသာမိပါတယ်၊ သူငယ်ချင်းတွေနဲ့ပြန်တွေ့ရမှာ ဖြစ်လို့လည်း ပျော်ရွှင်မိပါတယ်၊ ခုလိုကျွန်တော်တို့လို ကျောင်းသား၊ ကျောင်းသူတွေကို ဆေးထိုးနှံပေးတဲ့ အတွက် ကျန်းမာရေးဌာနက ဆရာ၊ ဆရာမတွေနဲ့ နိုင်ငံတော်က အကြီးအကဲတွေ အကုန်လုံးကို ကျွန်တော်အနေနဲ့ အထူးဘဲ ကျေးဇူးတင်ပါလို့ ပြောချင်ပါတယ်” ဟုပြောသည်။
ကျောက်ဖြူမြို့နယ်တွင် အဆိုပါ ကာကွယ်ဆေးအား အခြေခံပညာ အလယ်တန်း၊ အထက်တန်းမှ အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်ထိုးနှံ ပေးလျက်ရှိပြီး ယင်းနေ့မှာပင် အခြေခံပညာကျောင်း(၇၉) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅၇၅၆ ဦးနှင့် အောက်တိုဘာ ၁၈ ရက်နေ့တွင် အခြေခံပညာကျောင်း ၆၇ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅၀၉၇ ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကာ အောက်တိုဘာ ၁၉ ရက်နေ့တွင်လည်း အခြေခံပညာကျောင်း ၄ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ တစ်ထောင်ကျော်အားလည်းကောင်း ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက ပြောကြားသည်။
ထိုသို့ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များက လှည့်လည်ကြည့်ရှု၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး