ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေး တတိယနေ့(ပထမအကြိမ်)ထိုးနှံပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများကို တွေ့ဆုံမေးမြန်း

ကျောက်ဖြူ   အောက်တိုဘာ  ၁၉

မောင်ကောင်းထက်ကျော် (အသက်-၁၄ နှစ်၊ အလယ်တန်းကျောင်းသား)

သားကတော့ အဌမတန်း၊ အထက(ခွဲ)အလက-၂၊ မြို့မကျောင်းမှာ ပညာသင်ကြားနေတာပါ ယခုကာကွယ်ဆေးကို သားမေမေနဲ့လာရောက်ထိုးနှံခြင်းဖြစ်ပါတယ်၊ အသက် ၁၂ နှစ်နှင့်အထက်ရှိ ကျောင်းသား၊ကျောင်းသူများကို ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် အလွန်ကောင်းပါတယ်၊ ကာကွယ်ဆေး လူတိုင်းထိုးနှံပြီးရင်တော့ ကူးစက်ခံရမှု လျော့နည်းလာမယ်လို့ သားထင်ပါတယ်၊ ခုအချိန် အထိ သားတို့ မလိုအပ်ဘဲ အပြင်မထွက်ဖြစ်ဘူး လူစုလူဝေးလည်း ရှောင်ပါတယ်၊ လိုအပ်လို့အိမ်အပြင် ထွက်ရင်လည်း Mask ကိုစနစ်တပ်ဆင်ပြီးမှသွားလာပါတယ်၊ ကိုဗစ်ရောဂါကြောင့် ကျောင်းတွေ ယာယီပိတ်ထားပေမဲ့ သားအိမ်မှာပဲ ကျောင်းစာတွေတွေကို သူအချိန်နဲ့သူ လေ့လာနေပါတယ်၊ ကျောင်းတွေ ပြန်ဖွင့်ရင်တော့ သားတို့ပျော်ပါတယ်၊ ယခုလို သားတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေး တဲ့အတွက် နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိတွေကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။

မဝင့်းရတီအောင် (အသက်-၁၄ နှစ်၊ အလယ်တန်းကျောင်းသူ)

သမီးရဲ့အသက်က ၁၄ နှစ်ပါ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှာ နေထိုင်ပြီး မိဘတွေနဲ့အတူ ဆေးလာရောက်ထိုးနှံခြင်းဖြစ်ပါတယ်၊ အရင်ကတော့ လူကြီးတွေရယ် အသက် ၁၈ နှစ်အထက်တွေကို ကာကွယ်ဆေးထိုးနှံပေးနေတာ သိရပါတယ်၊ ယခု သမီးတို့ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးတာ ဖြစ်တဲ့အတွက် သမီးတို့ရဲ့ အခွင့်အရေး မဆုံးရှုံးရအောင် ရယ်၊ ဆေးထိုးနှံပြီးလို့ ကျောင်းတွေပြန်ဖွင့်ရင် သူငယ်ချင်းတွေ ဆရာ၊ဆရာမတွေနဲ့ ပြန်လည်ဆုံနိုင်ဖို့၊ ကျောင်းကို တစ်နှစ်တစ်တန်းတက်နိုင်ဖို့အတွက် သမီးပျော်ပါတယ်။ ဆေးထိုးနှံခွင့်ပေးတဲ့ နိုင်ငံတော် အစိုးရနှင့် ကျန်းမာရေးဌာနတွေနဲ့ တာဝန်ရှိတွေကို ကျေးဇူးတင်ပါတယ်ရှင့်။ သူငယ်ချင်း၊ အစ်ကို၊ အစ်မ တွေကို လည်း ကာကွယ်ဆေးလာရောက်ထိုးနှံကြဖို့ကို လည်းတိုက်တွန်းချင်ပါတယ်။

ဒေါ်မင်းမင်းအေး(အုပ်ထိန်းသူ)

အစ်မက အရာရှိရပ်ကွက်မှာနေထိုင်ပါတယ်၊ ယခု သားကို ကာကွယ်ဆေးလာရောက် ထိုးနှံပေးတာပါ၊ သားကတော့ အများနဲ့မဘူးပေါ့နော် G6PD ဆိုတဲ့ဓာတ်မတည့်တာ ရှိတဲ့အတွက် သမားတော်နှင့် တိုင်ပင်ပြီးမှ လာရောက်ထိုးနှံပေးတာပါ၊ ကလေးတွေကျောင်းတက်ရရင် ကူးစက်ခံရမှု ၅၀ ရာခိုင် နှုန်း ကာကွယ်နိုင်တဲ့အတွက် ပိုပြီးစိတ်ချရအတွက်ကြောင့် အားလုံးသူကို ဆေးထိုးနှံစေချင်ပါတယ်၊ အားလုံးသူကို ကာကွယ်ဆေး မဖြစ်မနေထိုးနှံကြဖို့ရယ်နဲ့ မိဘတွေအနေနဲ့ကလည်း ကိုယ့်သားသမီးတွေကို ဒီရောဂါကြီးမှ ကြိုတင်ကာကွယ်နိုင်ရန်ဖို့အတွက် လာရောက်ထိုးနှံပေးကြဖို့ ပြောချင်ပါတယ်၊ အစ်မတို့ ကျောင်းထဲဝင်လာတာနဲ့ ပထမဆုံး သားတို့အတန်းပိုင်ဆရာမထံမှ မိဘမှတ်ပုံတင်နှင့်အတူ လက်မှတ်ထိုးနှံရပါတယ်ပြီးရင် သားတို့ကို ဆရာမတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက အပူချိန်တိုင်တယ်၊ သွေးပေါင်ချိန် တိုင်းပေးတယ်၊  စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ စာရင်းသွင်းပြီး ကာကွယ်ဆေးထိုးနှံပေးပါတယ်၊ ဒုတိယအကြိမ် ထိုးနှံရမည့်ရက်ကို တာခါတည်းပေးပါတယ် ဆေးထိုးနှံပြီးလို့ ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ဆရာမတွေက စနစ်တကျ ထိုင်ခိုင်းပြီး မိနစ် ၃၀ နားနေခိုင်ပြီးမှ မိမိအိမ်သို့ပြန် ခိုင်းတာတွေ့ရပါတယ် ခုလို့စနစ်တကျဆောင်ရွက်ပေးတဲ့အတွက် လည်း တာဝန်ရှိသူအားလုံးကို ကျေးဇူး တင်ရှိပါကြောင်းပြောချင်ပါတယ်။

ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေးအား အောက်တိုဘာလ ၁၇ ရက် နေ့တွင် အခြေခံပညာကျောင်း ၇၉ ကျောင်းကို စုရပ် ၁၆ ခုဖြင့် ကျောင်းသား၊ကျောင်းသူ ၅၇၅၆ ဦး ထိုးနှံပေးခဲ့ပြီး၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် အခြေခံပညာကျောင်း  ၆၇ ကျောင်းကို စုရပ်  ၁၂ ခု ဖြင့်  ကျောင်းသား၊ကျောင်းသူ ၅၀၉၇ ဦး ထိုးနှံပေးပြီးဖြစ်ကာ ယနေ့၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင်  စုရပ်(၁၅)ခုရှိ ကျောင်းအားလုံးထိုးနှံပေးပြီးကာ မြို့ပေါ်စုရပ် တစ်ခုတွင် ကျောင်း ၄ ကျောင်းရှိ ကျောင်းသား၊ကျောင်းသူ ၁၀၁၀ ဦးကို ဆက်လျက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာ ထံမှသိရသည်။

တွေ့ဆုံမေးမြန်း- ဖြိုး‌ဝေလင်း၊ တင်ထွန်းဦး