သံတွဲ အောက်တိုဘာ ၁၉
ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် သံတွဲမြို့နယ်ရှိ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းနေအရွယ် ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာ ၁၉ ရက်နေ့တွင် သတ်မှတ်ထားသော ကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာ စုရပ်ဆေးထိုး စင်တာ(၁၁)ခု တွင် ပထမအကြိမ် (တတိယ)ရက်အဖြစ် နံနက် ၈နာရီမှ စတင်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက် ကြည့်ရှု အားပေးလျက် ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ကို ထိုးနှံမည့် သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါအဝင် စုစုပေါင်း ၂၇ ကျောင်းမှ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း ကျောင်းသား /သူ (၃၇၉၁)ဦး ၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ(၁၇၄၁) ဦး စုစုပေါင်း( ၅၅၃၂)ဦးအား ပထမနေ့၊ ဒုတိယနေ့တို့တွင် အောက်တိုဘာ ၁၇ရက်နေ့က ဆေးထိုးစင်တာ ၁၁ ခုခွဲ၍ ထိုးပေးနိုင်ခဲ့ပြီး ပထမအကြိမ်(တတိယ)နေ့တွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အသက်၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၂၉၀၁)ဦး ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆေးထိုးရာတွင် ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကာ ကျောင်းသားစာရင်းပြုစုခြင်း၊ စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ခရိုင်ပြန်/ဆက်