ပန်းခင်းစီမံချက်လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

ဘားအံ အောက်တိုဘာ ၁၉

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းပန်းခင်းစီမံချက်လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပန်းခင်းစီမံချက်လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၅ သိန်းကို ပေးအပ်ရာ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးစိုးလွင်က လက်ခံရယူသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်က ပန်းခင်းစီမံချက်သည် အချိန်ကာလတစ်ခုအတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည့် စီမံချက်ဖြစ်သည့် အတွက် အချိန်မီပြီးစီးနိုင်ရေး တွန်အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် ပန်းခင်း စီမံချက်ဖြင့် လူဦးရေ ၁၅၉၃၆၅ ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ ယနေ့ထိ ၂၉၁၄၈ ဦးကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ၁၃၀၂၁၇ ဦး ဆောင်ရွက်ပေးရန်ကျန်းရှိနေသေး ကြောင်း၊ ကရင်ပြည်နယ်၏လျာထားချက်ကို သတ်မှတ်ကာလမတိုင်မီပြီးစီးနိုင်ရေးအတွက် ဝန်ထမ်းများမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ထမ်းများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံပြီး ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)