ကျိုင်းတုံမြို့နယ်တွင် အများပြည်သူအကျိုးငှာ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ပစ်ဖောက်ခြင်း မပြုလုပ်ရန် အသိပေးနှိုးဆော်

ကျိုင်းတုံ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အများပြည်သူအကျိုးငှာ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ပစ်ဖောက်ခြင်း မပြုလုပ်ရန် အသိပေးနှိုးဆော်ခြင်း အောက်တိုဘာ ၁၈ ရက်က တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကြာမီ သတင်းကျွတ်မီးထွန်းပွဲတော်နှင့် တန်‌ဆောင်တိုင်ပွဲတော်ကာလများ ရောက်ရှိလာတော့မည် ဖြစ်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် မီးရှူး၊ မီးပန်း၊ ဗျောက်အိုး၊ မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်ခြင်း၊ သိုလှောင်ရောင်ဝယ်ခြင်းများကြောင့် ကျိုင်းတုံမြို့နယ်အတွင်းရှိ အများပြည်သူများ အထိတ်တလန့် ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ထိခိုက်အောင် ဆောင်ရွက်လာနိုင်ခြင်း၊ အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများအား အနှောက်အယှက်ဖြစ်စေခြင်းတို့ကြောင့် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင်  မီးရှူး၊ မီးပန်း၊ ဗျောက်အိုး၊ မီးဒုံး(ရှူးဒိုင်း)များ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ပစ်ဖောက်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် အများပြည်သူအကျိုးငှာ ဒေသန္တရ အမိန့်ထုတ်ပြန်ကာ အမိန့်တားမြစ်ချက်များကို လိုက်နာရန် ပျက်ကွက်ပါက မည်သူမဆို တည်ဆဲဉပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါအမိန့်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှ စ၍ ‌နောက်ထပ် အမိန့်တစ်စုံတရာ မထုတ်ပြန်သည်အထိ အတည်ဖြစ်ကြောင်း တာဝန်ရှိသူများက အသိပေး နှိုးဆော်ခြင်းကို ရပ်ကွက်၊ ကျေးရွာများတွင်လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)