ကျိုင်းတောင်းမြို့ရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေး စတင်ထိုးနှံ

ကျိုင်းတောင်း အောက်တိုဘာ  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ၁၈နှစ်အောက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းအား ယနေ့နံနက် (၀၈:၀၀)နာရီအချိန်ခန့်က စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျိုင်းတောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက်  ၁၈နှစ်အောက် အခြေခံပညာအလယ်တန်း အထက်တန်း ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးမည့် စုရပ်နေရာများမှာ အ.ထ.က(တုန်ဟုန်း)နှင့် အ.လ.က(ဝိန်းကောင်) ကျောင်းနှစ်ကျောင်းတို့ဖြစ်ပြီး အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း များအား အဓိကထား၍ ကာကွယ်ဆေးထိုးနှံပေးရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၆၀)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသော ကျောင်းသားကျောင်းသူများကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျိုင်းတောင်းမြို့၌  ကာကွယ်ဆေးထိုးနှံရန် စုစုပေါင်း စာရင်းရှိ (၄၂၄)ဦးရှိပါကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျိုင်းတောင်းတပ်နယ်ဆေးရုံရှိ တာဝန်ရှိသူနာပြုအရာရှိများမှ ဆောင်ရွက်ပေးခဲ့ပြီး ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)