ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ချောင်း ရေတိုက်စားမှုကြောင့် လက်ပံအိုင့် ကျေးရွာသို့ ပေးသည့် ဓာတ်တိုင်အောက်ခြေရေတိုက်စားသည့် နေရာအား မပြိုလဲရေး ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်နေ

ကျောက်ပန်းတောင်း  အောက်တိုဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံအိုင့် ကျေးရွာသို့ ပို့လွှတ်သည့် ဓာတ်အားလိုင်းမှ ဓာတ်တိုင်များ အောက်တိုဘာ ၁၇ရက်နေ့၊ ညပိုင်းအချိန်က မိုးရွာသွန်းမှုများခဲ့ခြင်းကြောင့် ဓာတ်တိုင်အောက်ခြေ ကွန်ကရစ်သားများရေ တိုက်စားပြီး လဲပြိုကျနိုင်သည့် အန္တရာယ်အနေအထားကြောင့် အောက်တိုဘာ ၁၉ရက်နေ့ တွင်ထွန်စက်များ ငှားရမ်းပြီး ရေတိုက်စားသွားသည့်ချိုင့်အား ကိုယ်ထူကိုယ်ထ ပြန်လည်ဖို့နေကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် လက်ပံအိုင့်ကျေးရွာသို့ သွယ်ယူသည့်ဓာတ်အားလိုင်းမှာ လဲဂွကျေးရွာမှ တစ်ဆင့် အလွန်ကျယ်လှသည့် ကြက်မောက်တောင်ချောင်းကိုဖြတ်ပြီး သွယ်ယူမီးရရှိသည့် ကျေးရွာဖြစ်ပြီး ယခုနှစ် မိုးရွာသွန်းမှုများခြင်းကြောင့် ကြက်မောက် တောင်ချောင်း ၁၅ကြိမ်ခန့် ချောင်းရေကျကြောင်း၊ အောက်တိုဘာ ၁၇ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ကြက်မောက်တောင်ချောင်း၊ ချောင်းလုံးပြည့်ရေလျှံပြီး၊ ဓာတ်တိုင်နှစ် တိုင်ဖြင့် အခိုင်အမာ ပြုလုပ်ထားသည့် ကွန်ကရစ်သားများ ရေတိုက်စားကာ ဓာတ်တိုင်အခြေတွင် အင်းကဲ့သို့ ဖြစ်နေကြောင်း၊ အဆိုပါချိုင့်ကြီး သဲမြေမဖို့ပါက  နောက်ထပ်ချောင်းလာလျှင် ဓာတ်တိုင်ပြိုလဲကျပြီး အခြားတိုင်များပါ ပျက်စီးသွားနိုင်ခြင်းကြောင့် လက်ပံ အိုင့်ကျေးရွာ၊ ရပ်မရပ်ဖများ ဦးဆောင်ကာ သဲထိုးထွန်စက်နှစ်စီးဖြင့် အဆိုပါ ရေချိုင့်ဖြစ်နေသည့် ချိုင့်ခွက်ကြီးအား ကိုယ်ထူကိုယ်သဲမြေများ ပြန်ဖို့ပြီး ပြန်လည်ပြုပြင်ခဲ့ကြောင်း လက်ပံအိုင့်ကျေးရွာ ဦးမြမောင်က ရှင်းပြခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD