တံတားဦးမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း ဓာတ်မြေဩဇာ သုံးစွဲမှုမှန်ကန်ရေးနှင့် ကြားပေါင်းလိုက်ခြင်း ကွင်းသရုပ်ပြဆောင်ရွက်

တံတားဦး အောက်တိုဘာ ၁၉

ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ် ၂၀၂၀−၂၀၂၁ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် (RS to CS) ဧက (၂၀) ကို ဓာတ်မြေဩဇာသုံးစွဲမှုမှန်ကန်ရေးနှင့် ကြားပေါင်းလိုက် ကွင်းသရုပ်ပြခြင်းကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ပြူကန်ကျေးရွာ သူငယ်တော်အနောက်ကွင်း တောင်သူ ဦးမြအောင်၏ မနောသုခ မိုးစပါးစိုက်ဧက၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဓာတ်မြေဩဇာသုံးစွဲမှု မှန်ကန်ရေးနှင့် ကြားပေါင်းလိုက် ကွင်းသရုပ်ပြခြင်းသို့ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ဌာနဆိုင်ရာများ၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်နှင့်ဝန်ထမ်းများ၊ မိုးစပါးစိုက် တောင်သူများတက်ရောက်ကြသည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးတို့က အမှာစကားအသီးသီး ပြောကြားကြပြီး တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က  ဓာတ်မြေဩဇာသုံးစွဲမှု မှန်ကန်ရေးနှင့် ကြားပေါင်းလိုက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် စိုက်ပျိုးနည်းစနစ်မှန်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး၊ မျိုးကွဲနှုတ်ပယ်ရေး  ဓာတ်မြေဩဇာ သုံးစွဲမှု မှန်ကန်ရေး၊ ကြားပေါင်းလိုက်ခြင်းနှင့် သမန်းနိုးခြင်းလုပ်ငန်း မှန်ကန်ရေးတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တောင်သူများ သိရှိလိုသည်များကို တာဝန်ရှိသူများ အသီးသီးဖြေကြားပြီး ဓာတ်မြေဩဇာသုံးစွဲမှု မှန်ကန်ရေးနှင့် ကြားပေါင်းလိုက်ခြင်းတို့ကို ကွင်းဆင်းသရုပ်ပြဆောင်ရွက်ကြသည်။

တံတားဦးမြို့နယ်အနေဖြင့် မိုးစပါးစိုက်ဧက(၁၄၃၇၇) ဧကစိုက်ပျိုးရန် လျာထားပြီး၊ (၁၃၄၆၅) ဧကစိုက်ပျိုး ပြီးစီးကြောင်း၊ မိုးပဲမျိုးစုံ(၁၄၈၀၀)ဧက၊ မိုးဆီထွက်သီးနှံ(၄၂၀၆၆)ဧက၊ စားဖိုဆောင်သီးနှံ(၆၃၉)ဧက၊ ဟင်းသီးဟင်းရွက်(၈၃၇)ဧက၊ မိုးအခြားသီးနှံ(၄၅၀၅၉)ဧက၊ ဝါမျိုးစုံ(၁၈၅၂)ဧက၊ ကြံ(၇၆)ဧက၊ စုစုပေါင်း (၁၁၈၅၄၉) ဧက စိုက်ပျိုးရန် လျာထားပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်ညွန့်ထံမှ သိရသည်။

 

ရဲတင့်(တံတားဦး)