ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင် သမိုင်းဘုရား အချို့ပျိုကျ

ညောင်ဦး  အောက်တိုဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် အောက်တိုဘာ ၁၇ ရက်နှင့် အောက်တိုဘာ ၁၈ ရက်နေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းသမိုင်းဝင် ဘုရားအချို့ အောက်တိုဘာ ၁၈ ရက်နေ့က ပြိုကျပျက်စီးခဲ့ကြောင်း ညောင်ဦး မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ယခုနှစ်စံချိန်တင် မိုးရေချိန်ရွာသွန်းမှုများနှင့် အတူ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ သမိုင်းဝင်အဆောက်အဦအချို့နှင့် သမိုင်းဝင်ဘုရား အချို့ပျက်စီးခဲ့ကြောင်း၊ အောက်တိုဘာ ၁၇ ရက်နေ့တွင် ညနေ ၃ နာရီအချိန်ခန့်ကလည်း ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ ရွှေတွင်း ရပ်ကွက်နယ် ညောင်ဦး-ချောက်သွားကားလမ်းမကြီး အရှေ့ဘက်တွင်တည်ရှိသော ဘုရားအမှတ် ၉၈၇ စေတနာကြီးဘုရား၏ မဟာရံတံတိုင်း အနောက်တောင်ဘက်အတွင်းပိုင်း၊ အရှည်  ၄၃ပေ ၆လက်မခန့်၊ ထု ၆ လက်မခန့် အုတ်များ  ပဲ့ကျပျက်စီးခဲ့ပြီး၊ အောက်တိုဘာ ၁၇ ရက်၊ ၅ နာရီခွဲအချိန်ခန့်ကလည်း ညောင်ဦးမြို့နယ် တောင်ဘီကျေးရွာအုပ်စု၊ တောင်ဘီရွာရှိ ဘုရားအမှတ် ၂၀၀၂ ၏  အရှေ့မြောက် ထောင့်ရှိ အာရုံခံချင်းမိတ်တိုး အနည်းငယ်ပဲ့ကျ ပျက်စီးခဲ့ကြောင်း၊ ညောင်ဦးမြို့နယ်၊ ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံဌာနခွဲ)က သိရပြီး အောက်တိုဘာ ၁၈ ရက်၊ နံနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ဦးမြို့ နယ်ရှေးဟောင်းစေတီ ဘုရားပုထိုးများ ပျက်စီးဆုံးရှုံးမှုရှိ/မရှိ ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနန်းတင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးရာ တောင်ဘီကျေးရွာရှိ ဘုရားအမှတ် ၁၆၀၅ ပုထိုးသားများဘုရား၏ အရှေ့ဘက်မုခ် အာရုံခံချင်းမိတ်တိုး အလျား ၄ပေ၊ အမြင့် ၂ပေ၊ထု ၆လက်မပျက်စီးခဲ့ပြီး၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာရှိ ဘုရားအမှတ် ၁၁၄၅ စိုးမင်းကြီးဘုရား၏ ပထမပစ္စယံ အရှေ့ဘက်တွင် အလျား ၄ ပေခန့်၊ အမြင့် ၁ ပေခန့်၊ ထု ၁ ပေခန့်နှင့် အရှေ့တောင်ဘက် အလျား ၂ ပေခန့်၊ အမြင့် ၁ ပေ၊ ထု ၁ ပေခန့် ပျက်စီးခဲ့ကြောင်း၊ ရှေးဟောင်းအဆောက်အဦအမှတ် ၁၂၃ အုတ်ကျောင်းကြီး အမိုးပိုင်း  ၃ ပေ ပတ်လည်ခန့်ပျက်စီးခဲ့ကြောင်း၊ ညောင်ဦးမြို့နယ် ဖွားစောကျေးရွာ အနီးရှိ ဘုရားအမှတ် ၈၀၃ ပြဿကြီးဘုရား၊ အနောက်ဘက်မုခ်ဦး အလျား ၁၂ပေ၊ အမြင့် ၁၅ပေ၊ ထု ၆ပေခန့်၊ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပျက်စီးဆုံးရှုံးခဲ့သည့် ရှေးဟောင်းအဆောက်အအုံ၊ ရှေးဟောင်းဘုရားများ အမြန်ဆုံး ရှေးမူမပျက် ပြန်လည်ပြင်ဆင်နိုင်ရေး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲက သိရပြီး ညောင်ဦးမြို့နယ် မိုးရွာသွန်းမှုသည် အောက်တိုဘာ ၁၈ ရက်နေ့က ရွာသွန်းသည့် မိုးရေချိန်သည် ၄.၂၅လက်မ ရွာသွန်းခဲ့ပြီး၊ မိုးရွာသွန်းမှုများသည့် ၂၀၀၂ ခုနှစ်တွင် ၃၃.၇၉ လက်မ၊ ၂၀၀၆ ခုနှစ်တွင် ၂၇.၅၀လက်မ၊ ၂၀၀၇ ခုနှစ်တွင် ၂၆.၂၆ လက်မ၊ ၂၀၁၁ ခုနှစ်တွင် ၄၀.၃၄ လက်မ ရွာသွန်းခဲ့ပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၁၉ ရက်နေ့ (ယနေ့)အထိ ၄၄.၈၄လက်မထိ ရွာသွန်းခဲ့ပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

ကိုထိန်၊ KPD