မိုင်းပျဉ်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် ပြည်သူများအား အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းနှင့် ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ် စာရင်းစစ်ရုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးများသို့ လှည့်လည်၍ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာနိုင်သော စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များအတွက် Online မှတဆင့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ် မိတ်ဆက်ခြင်းစသည့် အသိပညာ ပေး အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိတ်သတ်များ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း (ပြန်/ဆက်)