ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် ဒေသနှင့် ကိုက်ညီသော ရေဆင်း(၁၁)မြေပဲမျိုးများ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ကျောက်ဆည် အောက်တိုဘာ ၁၉                                             

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုပ်၊ နနွင်း၊ ပဲမျိုးစုံနှင့် ငှက်ပျော စသည့်သီးနှံများ စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီ၌ ဒွေးလှကျေးရွာတွင် ဒေသနှင့် ကိုက်ညီသော ရေဆင်း(၁၁)မြေပဲမျိုးများ စိုက်ပျိုးထားရှိရာ တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မြေပဲစိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီသော ရေဆင်း(၁၁)၊ မကွေး(၁၁)၊ ကွေး(၁၂)၊ မြေပဲ(၃၉၀)ဧကက စိုက်ပျိုးထားပြီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားကင်းစင်ပြီး ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် မြေပဲမျိုးများ ဖြန့်ဖြူး ပေးလျက်ရှိကြောင်းနှင့် မြေပဲစတင် စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်အထိ ကွင်းဆင်းပြီး နည်းပညာများ အကူ အညီပေးလျက်ရှိကြောင်း သိရှိရသည်။

မြေပဲတစ်ဧက စိုက်ပျိုးမည်ဆိုပါက မြေပဲအတောင့်(၆)တင်း စိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာ မျိုးအနေဖြင့် ငွေကျပ်(၁၂၀၀၀၀)၊ မြေပြင် ထွန်၊ ထယ် စရိတ်အဖြစ် (၅၅၀၀၀)ကျပ်၊ စိုက်စရိတ်အဖြစ် (၁၂၀၀၀)ကျပ် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧက (၇၀)တင်းမှ(၈၀)တင်းအထိ ထွက်ရှိရာ ရောင်းဈေးအနေဖြင့် မြေပဲ တစ်တင်းငွေကျပ် (၂၀၀၀၀)ဖြင့် ရောင်းချရကြောင်းနှင့် ဆီကြိတ်ရောင်းမည်ဆိုပါက ဆီတစ်ပိဿာ ငွေကျပ် (၇၅၀၀)ဖြင့် ရောင်းချရသဖြင့် မြေပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဒွေးလှကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးယဉ်မင်းထွန်းက ပြောပြ သည်။

သက်မောင်(ကျောက်ဆည်)