ဟိုပုံးမြို့၌ မြို့ပေါ်(၆)ရပ်ကွက်အား Local Semi-Lockdown သတ်မှတ်

ဟိုပုံး အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပေါ်(၆)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အများဆုံးတွေ့ရှိရသောကြောင့် အဆိုပါမြို့ပေါ်(၆) ရပ်ကွက်၏ နယ်နိမိတ်ဧရိယာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် Local Semi-Lockdown သတ်မှတ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ စက်တင်ဘာလ(၁၈)ရက် ညနေပိုင်းတွင် ထုတ်ပြန်ထား ကြောင်း သိရသည်။

ထိုသို့ထုတ်ပြန်ရာတွင် မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)၊ မဖြစ်မနေ ဈေးဝယ် ထွက်ရန်၊ အပြင်ထွက်ရန်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ အပြင်ထွက်ခွင့် ကတ်ပြားရယူ၍ တစ်အိမ်လျှင် (၁)ဦးသာ နေအိမ်ပြင်ပသို့ ထွက်ခွာကြရန်၊ (နေ့လယ်(၁)နာရီမှ ညနေ (၆)နာရီအတွင်း နေအိမ်ပြင်ပသို့ လုံးဝထွက်ခွာခြင်း မပြုရန်)၊ ဆေးရုံ၊ ဆေးခန်းသွား ရောက်ရန်ရှိပါက အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား၍ ယာဉ်မောင်း(၁)ဦး အပါအဝင် (၃)ဦးသာ သွားရောက်ရန်၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်အတွက် နေအိမ်ပြင်ပ ထွက်ခွာပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တစ်ပါတည်းယူဆောင် လာရန်၊ နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ရန်၊ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့် သာ ရောင်းချရန်၊ နေ့လယ်(၁)နာရီမှစ၍ ဆေးဆိုင်များ၊ ဆေးခန်းများ၊ စက်သုံးဆီဆိုင်များမှအပ မည်သည့် ဈေးဆိုင်မှ ဖွင့်လှစ်ရောင်းချခြင်းမပြုရန်၊ ဟိုပုံးမြို့မဆည်နှင့် နောင်ဘိုကန်အနီး Local Semi-Lockdown ကာလအတွင်း ရေချိုးခြင်း၊ ရေကူးခြင်း၊ ငါးမျှားခြင်း၊ လည်ပတ်ခြင်းမပြုရ၊ တာဝန်ထမ်းဆောင်ရန် သွားရောက် ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသောယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်၊ အခြားမြို့နယ်များမှ ဟိုပုံးမြို့ပေါ် ဖြတ်သန်းမောင်း နှင်မည့် မော်တော်ယာဉ်များအားလုံး ဟိုပုံးမြို့ပေါ်၌ ရပ်နားခြင်း လုံးဝ (လုံးဝ)ခွင့်မပြုရန်၊ အခြား ကျေးရွာနေ မိဘပြည်သူများအနေဖြင့်လည်းကောင်း Local Semi-lockdown ချမှတ်ထားသည့် ဟိုပုံးမြို့သို့ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် သတ်မှတ်ချိန် အတွင်း၌သာ ဝင်ထွက်သွားလာရန်၊ အခါကြီးရက်ကြီးနေ့များ၌ လည်းကောင်း၊ အခြားနေ့ရက် များ၌ သော်လည်းကောင်း၊ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များအတွက် မော်တော်ယာဉ်များပေါ်တွင် အိုးစည်၊ ဗုံမောင်းများဖြင့် စုဝေးသွားလာခြင်းမပြုရ။ အထက်ဖော်ပြပါတားမြစ်ချက်များအား လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက စီမံခန့်ခွဲရေး နည်းလမ်းအရလည်းကောင်း၊ ကူးစက် ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရလည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ Local Semi-lockdown အား အောက်တိုဘာလ(၁၉)ရက်နေ့မှ နိုဝင်ဘာလ(၂)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရ သည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)