မြစ်ကြီးနား အောက်တိုဘာ ၁၉
ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က မြစ်ကြီးနားမြို့၌ တည်ထောင် ဖွင့်လှစ်သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမြေနေရာနှင့် ပိုက်ကျော် ခြင်းပြိုင်ပွဲ တက်ရောက် ဆုခြင်းမြှင့်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့သည် ပြည်နယ်ဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအကြီးအကဲ များနှင့်အတူ ပြည်နယ်အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် လျာထားသတ်မှတ် ထားသည့် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စု၊ ပိတောက်ပယ်ဖျက်ကွင်းအတွင်းရှိ မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်မြေဧရိယာအတွင်း အား/ကာသိပ္ပံကျောင်းအပါ အဝင်မြို့ပြ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် တိုးချဲ့ဆောင်ရွက် သွားမည့် ရေရှည်စီမံကိန်းလုပ်ငန်း အစီအစဉ်များဖြင့် ရေးဆွဲဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့မှ စတင်ကျင်းပလျက် ရှိသည့် ကချင်ပြည်နယ် ပိုက်ကျော်ခြင်းလိဂ်အကြို အမျိုးသား (၃)ယောက်တွဲပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အံတော်ရှင်အသင်း နှင့် မိုးကောင်း (ဘီ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ မိုးကောင်း (ဘီ)အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်ပိုက်ကျော် ခြင်းဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့များနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ကစားသမားများအတွက် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမား တစ်ဦးချင်း ဆုများအပါအဝင် ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းများအား တံခွန်စိုက်ဆုဖလား၊ ဆုတံဆိပ် နှင့် ဆုငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်ခရီးသွား လုပ်ငန်းမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ်အတွင်း ပထမအကြိမ် အစည်းအဝေးမှ ဆွေးနွေးခဲ့ကြသည့် ဒေသတွင်း ခရီးသွားဝန် ဆောင်မှုလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များ၊ ခရီးစဉ်အသစ်များ တိုးမြှင့်သတ်မှတ်ရေး၊ ဧရာဝတီမြစ်ဆုံ အဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ပူတာအို ဒေသခရီးစဉ်ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ကော်မတီအဖွဲ့ဝင်ဌာန ဆိုင်ရာများနှင့် ညှိနှိုင်း ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းတွင် မြစ်ကြီးနား မြို့ မင်းရပ်ရပ်ကွက်အတွင်းရှိ အများပြည်သူအပန်းဖြေနေရာတစ်ခုဖြစ်သည့် ပြည်သူ့ရင်ပြင် ဧရာ ဦးပန်းခြံတို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော် အစီအစဉ်အဖြစ် ရောင်စုံစလိုက်မီးများ ထွန်းညှိ၍ အလှဆင်ဆောင်ရွက်ထားရှိမှုနှင့် သီတင်းကျွတ်လပြည့်နေတွင် စတုဒီသာကျွေးမွေးနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုး ရာအစဉ်အလာအရ ဆောင်ရွက်ရခြင်းဖြစ်သော်လည်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့် အညီ နှာခေါင်းစည်း Mask များ တပ်ဆင်ဝင်ရောက်နိုင်ရေးနှင့် လက်ဆေးဘေစင်၊ Hand Gel ဘူးများ အလုံအလောက်ထားရှိဆောင်ရွက်နိုင်ရေး စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ပြည်နယ်ပြန်/ဆက်