ကျောက်ဖြူ အောက်တိုဘာ ၁၈
မောင်ကျော်လင်းနိုင်(အသက်-၁၈ နှစ်၊ အထက်တန်းကျောင်းသား)
ဒီကာကွယ်ဆေးကို သားတို့ရဲ့ ကျန်းမာရေးအတွက်ရည်ရွယ်ပြီး ထိုးပေးတာကြောင့် အလွန် လည်းကောင်းပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်လို့ပြောချင်ပါတယ်၊ သားက နယ်ကလာရောက်ပြီး ကျောင်းတက်ရတာပါ၊ ခုလိုသားတို့လို အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများကို ကာကွယ် ဆေးထိုးနှံပေးမယ်လို့ အကြောင်းကြားလာတာနဲ့ မနေ့က ကျောက်ဖြူမြို့ကို လာရောက်ပြီးထိုးတာပါ။ ကာကွယ်ဆေးထိုးနှံရတာကြောင့် အရမ်းဘဲ ဂုဏ်ယူပြီးဝမ်းလည်းသာပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးလို့ ကျောင်းတွေပြန်ဖွင့်လှစ်ရင်တော့ အရမ်းပျော်တာပေါ့နော် ကိုဗစ်ကြောင့် သားတို့ တစ်နှစ် ပတ်လုံး ကျောင်းပိတ်ထားရတော့ စာသင်နှစ်နောက်ကျသွားတာပေါ့၊ ကျောင်းတွေပြန်ဖွင့်ပြီး စာတွေ ပြန်သင်ကြားရမယ်ဆို့တော့ အတိုင်းမသိဝမ်းသာပါတယ်။ ကာကွယ်ဆေးထိုးပေးတဲ့အတွက် နိုင်ငံတော် အစိုးရရယ်၊ ကျန်းမာရေးဌာနှက ဆရာ၊ ဆရာမတွေကို အထူးကျေးဇူးတင်ရှိပါတယ် နောင်တစ်ချိန်မှာ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာက တာဝန်ထမ်းဆောင်ပေးပါမယ်လို့ပြောချင်ပါတယ်။
မောင်ဇော်မင်းထက်(အသက်-၁၆ နှစ်၊အထက်တန်းကျောင်းသား)
သားအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒါပထမအကြိမ်ထိုးနှံတာဖြစ်တယ်၊ ဒုတိယအကြိမ် ထိုးနှံပြီးရင်တော့ မထိုးနှံသေးရသေးသူတွေနှင့်စာရင် အထိုက်အရောက်ကာကွယ်နိုင်မယ်လို့ ယုံကြည်ပါ တယ်။ ကျန်းမာရေးကလမ်းညွှန်ချက်တွေကိုလည်းမဖြစ်မနေလိုက်နာရပါမယ်၊ ဒီရောဂါကြီးက အမြစ် မပြတ်နိုင်သရွေ့ပေါ့နော်။ ကျောင်းတက်ရရင်လည်း မကြာခဏလက်ဆေးဖို့၊ Mask တပ်ဆင်ထားဖို့ လိုသေးတာပေါ့၊ သားအနေနဲ့ကတော့ သူငယ်ချင်းတွေ၊ ညီငယ်၊ ညီမငယ်တွေကို ကာကွယ်ဆေး မဖြစ်မနေ လာရောက်ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးတဲ့ တာဝန်ရှိ သူများ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
မဖြူနှင်းအေး (အသက်-၁၆ နှစ်၊ အထက်တန်းကျောင်းသား)
သမီးကတော့ နဝမတန်းကျောင်းသူ တစ်ဦးပါ အထက(၂)မှာ ပညာသင်ကြားနေသူပါ ကိုဗစ် ကာကွယ်ဆေးထိုးဖို့ကို မိဘတွေကလည်းတိုက်တွန်းတယ် သမီးကိုယ်တိုင်ကလည်း ကာကွယ် ဆေးထိုးချင်တဲ့ အတွက်လာရောက်ထိုးနှံတာဖြစ်ပါတယ်။ ကျောင်းတွေလည်း အမြန်ဖွင့်စေချင်ပါပြီ ဘာလို့ဆိုရင် အသက်ကကြီးပြီး အတန်းကကျန်ခဲ့မှာဆိုးလို့ပါ။ ဆေးထိုးနှံတဲ့အခါ နည်းနည်းတော့ နာတာပေါ့ ကျန်တာကတော့ ဘာမှမဖြစ်ပါဘူး။ သမီးသူငယ်ချင်းတစ်ယောက်ဆို ဆေးထိုးဖို့ကြောက် တယ်၊ ဆရာ၊ ဆရာမတွေကလည်း ဂရုတစ်စိုက် ဆေးထိုးပေးတော့ အဆင်ပြေပါတယ်။ သမီးတို့ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေး ခုလိုထိုးနှံခွင့်ပေးတဲ့ နိုင်ငံတော်အကြီးအကဲများနှင့် ကျန်းမာရေးဌာန၊ကူညီဆောင်ရွက်တဲ့ ဆရာ၊ဆရာမများကို ကျေးဇူးတင်ပါတယ်ရှင့်။
ဒေါ်မတင်ဝင်း(အုပ်ထိန်းသူ)
ကျွန်မကတော့ ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်မှ သားကို လာရောက်ဆေးထိုးပေးတာပါ၊ သားက ခြောက်တန်းကျောင်းသားပါ ကလေးတွေက ကိုဗစ်ဖြစ်ကတည်းက ကျောင်းတစ်ပိုင်းတစ်စနဲ့ နားထားရတာ အသက်တွေကကြီးလာပြီး ကျောင်းမတက်ရတော့ စိတ်မကောင်းဘူးပေါ့နော် နိုင်ငံတော် က ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးနှံပြီးရင် ကျောင်းတွေဖွင့်မယ်ဆိုတော့ အရမ်းဝမ်းသာပါ တယ်၊ နောက်တစ်ကြိမ်ကိုလည်း မပျက်မကွက်လာရောက်ထိုးပါမယ်။ ကလေးတွေကို ကာကွယ် ဆေးထိုးနှံပေးလို့ နိုင်ငံတော်အစိုးရအဖွဲ့တွေကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။
ဒေါ်မြသဇင်မျိုး(အုပ်ထိန်းသူ)
ကျွန်မကတော့ ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ကလေးတွေကို ဆေးလာရောက် ထိုးနှံပေးတာပါ၊ သားသမီး သုံးရောက်ရှိပါတယ်၊ အကြီးဆုံးတစ်ယောက်နဲ့ ကျွန်မက ဆေးနှစ်ကြိမ် ထိုးနှံပြီပါပြီး ခုက ခုနှစ်တန်းကျောင်းသားကို လာရောက်ထိုးနှံပေးတာပါ။ ကာကွယ်ဆေးရဲ့ အားသာချက် ကိုသိရတာကြောင့် ကလေးကို လာရောက်ထိုးနှံပေးတာပါ အငယ်ဆုံးက ခုမှ ခုနှစ်ပဲရှိသေးတယ်။ ကလေး တွေကို ကာကွယ်ဆေးထိုးနှံပြီးလို့ ကျောင်းပြန်ဖွင့်တော့မယ်ဆို့တော့ ပျော်ပါတယ် ကလေးတွေ စာသင်ခန်းနဲ့ဝေးကွာသွားမှာ ကိုလည်းကြောက်တယ်။ ကျောင်းတွေ အမြန်ဆုံးပြန်ဖွင့်ရင်တော့ ကလေး တွေလည်း ပညာရေးအတွက်လည်းကောင်းပါတယ်။ ဒါကျန်းမာရေးအတွက်ဖြစ်တဲ့အတွက် ဆေးမထိုး ရသေးတဲ့ ကျောင်းသား၊ကျောင်းသူတွေကို အမြန်ဆုံးလာရောက်ထိုးနှံကြဖို့ကို လည်းဖိတ်ခေါ်ချင်ပါတယ်။
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေးအား အောက်တိုဘာလ(၁၇)ရက် နေ့တွင် အခြေခံပညာကျောင်း (၇၉)ကျောင်းမှကျောင်းသား၊ကျောင်းသူ ၅၇၅၆ ဦးကို စုရပ် (၁၆)ခုတွင် ထိုးနှံပေးခဲ့ပြီး၊ အောက်တိုဘာလ(၁၈)ရက်နေ့တွင် အခြေခံပညာကျောင်း (၆၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၆၀၆၆)ဦး စုရပ် (၁၂)နေရာတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာ ထံမှသိရသည်။
တွေ့ဆုံမေးမြန်းသူ- ဖြိုးဝေလင်း၊တင်ထွန်းဦး
ဓာတ်ပုံ- ဖြိုးထွန်း