ကျောက်ဖြူ၊ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ် ခန်းမဆောင်တွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် ဆေးထိုးရန်လာရောက် ကြသည့် အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဌာနမှ ဝန်ထမ်းများ က လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာ ပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမာရေး ဌာနမှဝန် ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စနစ်တကျဆောင်ရွက်ပေး လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့်စပ်လျဉ်း၍ ကျောက်ဖြူမြို့၊ အထက-၂ မှ နဝမတန်းတက် ရောက်နေသည့် မောင်ကျော်စိုးနိုင်က “ ကျွန်တော်အသက်က ၁၆ နှစ်ရှိပါပြီ၊ ကျောက်ဖြူမြို့နယ်၊ မြစ်နား တန်းရပ်ကွက်က လာရောက်ထိုးနှံခြင်းဖြစ်ပါတယ်၊ ဆေးထိုးပြီးချိန်မှာ နာကျင်တာတို့၊ မူးဝေတာတို့ မရှိပါဘူး၊ ဒီကာကွယ်ဆေးထိုးပြီးလို့ရှိရင် ကျောင်းတွေလည်း ပြန်ဖွင့်တော့မယ်လို့ သိရတဲ့အတွက် အရမ်း ဘဲဝမ်းသာမိပါတယ်၊ သူငယ်ချင်းတွေနဲ့ပြန်တွေ့ရမှာဖြစ်လို့လည်း အရမ်းပျော်ရွှင် မိ ပါ တယ်၊ ခုလိုကျွန် တော်တို့လို အသက် ၁၂ နှစ် အထက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူ တွေကို ဆေးထိုးနှံ ပေးတဲ့အတွက် ကျန်းမာရေးဌာနက ဆရာ၊ ဆရာမတွေနဲ့ နိုင်ငံတော်ကအကြီး အကဲတွေအကုန်လုံးကို ကျွန်တော်အနေနဲ့ အထူးဘဲ ကျေးဇူးတင်ပါလို့ ပြော ချင်ပါတယ်” ဟုပြောသည်။
အလားတူ ကျောင်းသားမိဘတစ်ဦးဖြစ်သည့် အသက် ၃၈ နှစ်အရွယ် ဒေါ်မြသဇင်မျိုး ကလည်း “ကျွန်မမှာ သားသုံးယောက်ရှိပါတယ်၊ သားကြီးက ၁၀ တန်းအောင်ပြီးဖြစ်ပါတယ်၊ သားကြီးနဲ့ကျွန်မက တော့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးဖြစ်ပါတယ်၊ ခုသားလတ်က ခုနစ်တန်းတက်မှာဖြစ်တယ်၊ သားလတ် ကို လာထိုးပေးတာဖြစ်ပါတယ်၊ ဒီလို ကာကွယ်ဆေးထိုးထား တဲ့အတွက် ကိုဗစ်ကူးစက်မှုလျော့နည်း တယ်၊ သေဆုံးမှုတွေလျော့နည်းတယ်လို့ သိထား၊ ကြားထားပါတယ်၊ ကာကွယ်ဆေးထိုးပြီးရင် ကျောင်း တွေလည်းပြန်ဖွင့်တော့မယ်ဆိုတော့ အရမ်းဝမ်းသာမိပါတယ်၊ကျောင်းတွေကိုလည်း အမြန်ဆုံးပြန်ဖွင့်စေ ချင်ပါပြီ၊ ပြီးတော့ ဆေးမထိုးရသေးတဲ့ ကျောင်းသား၊ကျောင်းသူတွေကိုလည်း မဖြစ်မနေလာရောက် ဆေးထိုးကြဖို့ တိုက်တွန်းချင်ပါတယ်၊ အထူးသဖြင့် ဆေးထိုးပေးကြတဲ့ ကျန်းမာရေးဌာနက ဆရာ၊ ဆရာမတွေရယ်၊ ပညာရေးဌာနကဝန်ထမ်းတွေရယ်၊ နိုင်ငံတော်ကအကြီးအကဲတွေကို အထူးဘဲကျေးဇူး တင်ပါတယ် ဝမ်းလည်းဝမ်းသာမိပါတယ်” ဟု၎င်းက ပြောကြားသည်။
ကျောက်ဖြူမြို့နယ်တွင် အဆိုပါကာကွယ်ဆေးအား အခြေခံပညာ အလယ်တန်း၊ အထက်တန်းမှ အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်ထိုးနှံ ပေးလျက်ရှိပြီး ယင်းနေ့မှာပင် အခြေခံပညာကျောင်း(၇၉) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅၇၅၆ ကျော်အားထိုးနှံပေးခဲ့ပြီးဖြစ်ကာ အောက်တိုဘာ ၁၈ ရက်နေ့တွင်အခြေခံပညာကျောင်း ၆၇ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ခြောက်ထောင်ကျော်အား စုရပ် ၁၂ နေရာတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာထံမှ သိရှိရသည်။
တင်ထွန်းဦး