ရသေ့တောင် အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ်ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်အသီးသီး၌ အောက်တိုဘာ ၁၇ ရက်နေ့ မှစ၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးမထိုးမီ ကိုယ်ပူ ချိန်တိုင်းခြင်း၊ သွေးပေါင်ချိန် တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းခြင်း စသည့် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးပြီး မိနစ်(၃၀)ခန့်နားနေပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြု ကြောင်း သိရသည်။
ကျနော်နာမည်က မောင်ဖြိုးသက်ထွန်းဖြစ်ပါတယ်။ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း အဌမမတန်းတွင်ပညာသင်ကြားနေပါတယ်။ အသက်ကတော့ ၁၄ နှစ်ပါ။ ကျနော်တို့ ဒီလိုကာကွယ်ဆေးထိုး ထားတဲ့အတွက်လည်း ကျောင်းတွေပြန်ဖွင့်တဲ့အခါမှာ ယုံကြည်စိတ်ချ စွာဖြင့် ပညာသင်ကြား လို့ရပြီဖြစ်လို့ဝမ်းသာပါတယ်။ ဆေးထိုးတာနာ လည်းမနာဘူး၊ အခုလို ကျနော်တို့ကျောင်းသားတွေကို ကာကွယ် ဆေးထိုးပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူး အများကြီးတင်ပါတယ် လို့ ပြောကြားခဲ့သည်။
သမီးနာမည်က မခိုင်မျိုးဉီးဖြစ်ပါတယ်။ အသက်ကတော့ ၁၆ နှစ်ရှိပါပြီ အမှတ်(၁)အခြေခံ ပညာအထက် တန်းကျောင်းမှ ဒဿမတန်းကျောင်းသူဖြစ်ပါတယ်။ အခုသမီးဆေး ထိုးပြီးပါပြီ ဒီကာကွယ်ဆေးထိုး ရတဲ့အတွက်လည်းဝမ်းသာပါတယ်။ သမီးတို့က ကျောင်းတွေတက်ချင် နေပြီ ကျောင်းတွေလည်း အမြန်ပြန်ဖွင့်ပါ စေလို့ဆုတောင်းပါတယ်။ ကာကွယ်ဆေးထိုးထားတော့ ကိုယ့်ကိုယ် ကို ယုံကြည်မှုရှိတယ်၊ စာသင်တဲ့အခါမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ စာသင်လို့ ရပြီး အတန်းဖော် သေူငယ်ချင်း တွေကိုလည်း ဒီကိုဗစ် -၁၉ ကာကွယ်ဆေးကို ယုံကြည်စွာ ဖြင့် လာရောက်ထိုးနှံကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကာကွယ်ဆေးထိုး ပေးကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောကြားခဲ့သည်။
အဆိုပါ ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ရသေ့တောင်မြို့နယ်အတွင်း အခြေခံပညာ ကျောင်း များတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၂၆၄)ဉီးရှိသည်အနက် အထက်တန်းအဆင့် (၁၇၈၈) ဉီး၊ အလယ်တန်းအဆင့် (၄၆၀၄)ဉီး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၆၃၉၂)ဉီးတို့အား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ရသေ့တောင်