ဂွ အောက်တိုဘာ ၁၈
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ” ဆိုသည့်ဆောင်ပုဒ်အတိုင်း ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ဂွမြို့နယ်အတွင်းရှိ အသက်(၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား ကျောင်းဖွင့် ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး အောက်တိုဘာလ (၁၇)ရက်နေ့က စတင်ကာ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တရုတ် နိုင်ငံထုတ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ် နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များအား ထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ် ဆေးထိုးနှံပေးမှု ဒုတိယမြောက်နေ့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းပေးခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ နှင့် မိဘအုပ်ထိန်း သူများအပြင် ပြည်သူလူထု တစ်ရပ်လုံးက ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကာကွယ် ဆေး ထိုးနှံခြင်းလုပ်ငန်းတွင် ပူးပေါင်း ပါဝင်လာ ကြစေရန် ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထိုကဲ့သို့ အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အောက်တိုဘာလ (၁၇)ရက်နေ့က အထက(ဂွ) စုရပ်တွင် (၃၂၂) ဦး၊ အထက(ဆပ်သွား) စုရပ်တွင် (၁၇၀)ဦး၊ အထက(ကုလားပြင်) စုရပ်တွင် (၃၂၀)ဦး၊ စုစုပေါင်း (၈၁၂)ဦး တို့အား ကာကွယ် ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်