ရှင်ဗွေယန် အောက်တိုဘာ ၁၈
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ရှင်ဗွေယန်မြို့၌ မကြာမီကျရောက်မည့် သီတင်းကျွတ်ကာလတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် အများပြည်သူ ထိတ်လန့်စေမည့်မီးရှုး မီးပန်း ဗျောက်အိုးများ ဖောက်ခွဲခြင်း၊ ရောငိးဝယ်ခြင်း မရှိစေရန်အတွက် လိုက်လံ စစ်ဆေးခြင်းကို ယနေ့နံနက် (၁၁)နာရီက မြို့ပေါ် (၄)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင် /ဈေးဆိုင်များကို လိုက်လံစစ်ဆေးခဲ့ကြသည်။
ယခုလိုစစ်ဆေးရတဲ့အကြောင်းကတော့ “အခုလိုသီတင်းကျွတ်ကာလတွေမှာ လူငယ်လူရွယ်တွေ အနေနဲ့ မီးရူး၊ မီးပန်းများဖောက်ပြီး ပျော်ရွှင်ကြတဲ့ဓလေ့ရှိကြပေမယ့် ဒေသအခြေအနေ လုံခြုံရေးအရ အသံတွေ ကြားပြီးအထိတ်တလန့် မဖြစ်ရလေအောင် မီးရှူးမီးပန်း ဗျောက်အိုးများ ရောင်းဝယ်ခြင်း ကို လိုက်လံစစ်ဆေး တားမြစ်ရခြင်းဖြစ်ကြောင်း” မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ဌာနခွဲစာရေး ဦးဇော်ဘောက်က ပြောကြားခဲ့သည်။
အဆိုပါ စစ်ဆေးခြင်းကို နယ်မြေရဲစခန်း စခန်းမှုးရဲအုပ်ကျော်သူထက်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဌာနခွဲစာရေးဦးဇော်ဘောက်၊ မြို့စည်ပင်သာယာရေးအဖွဲ့ အငယ်တန်း အင်ဂျင်နီယာ ဦးကျော်ဇင်နိုင်မြင့်နှင့် တာဝန် ရှိသူများက ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရှင်ဗွေယန်(ပြန်/ဆက်)