မောက်မယ်မြို့နယ်တွင် ပန်းခင်းစီမံချက်အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်

မောက်မယ် အောက်တိုဘာ ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်းစီမံချက် ဥပဒေနှင့်အညီ ဒေသခံတိုင်းရင်းသားပြည်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အားလုံးရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတို့မှ ပူးပေါင်းပြီး ပန်းခင်းစီမံချက်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ တွင်ကျင်းပခဲ့သည်။

အဆိုပါပန်းခင်းစီမံချက်အသိပညာပေးTalk Showဆွေးနွေးပွဲတွင် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ရုံးမှမြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးစိုးလွင် နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းတို့က ပန်းခင်းစီမံချက်ဟု အမည်ပေးရသည့်ရည်ရွယ်ချက် ၊ ပြည်သူများ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုးရရှိရေး၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ရုံးဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအကြောင်း၊ ပြည်သူများ လာရောက်လျောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်း အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် အသက်အရွယ် ကန့်သတ်ချက်များ နှင့်   လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့  ဆောင်ပုဒ်အတိုင်း ပန်းခင်း စီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနေမှုကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်  သိရှိစေရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)