တန့်ယန်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

တန့်ယန်း  အောက်တိုဘာ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ''ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့'' ဆိုသည့်အတိုင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းဆင့် အသက်(၁၂)နှစ်နှင့် အထက်  ကျောင်းသား/ကျောင်းသူများအား ''ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တို ဘာလ ၁၇ ရက်နေ့ မွန်းလွဲညနေပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စတင်ထိုးနှံ ပေးသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူ ကျောင်းအုပ်ကြီးများ ကြီးကြပ်၍ အမှတ်(၃)တပ်မတော် ဆေးရုံ(ခုတင်-၂၅)မှ ဆရာဝန်များနှင့် သူနာပြုများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ထိုးနှံပေးကြရာ တာဝန်ရှိဌာန ဆိုင်ရာ အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းတွင် ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား/ ကျောင်းသူ များအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ဆေးထိုးပြီးပါကလည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး (ပြန်/ဆက်)