ပြင်ဦးလွင်မြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း ၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပြင်ဦးလွင်  ၊   အောက်တိုဘာ  ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း ၊ အထက် တန်းကျောင်းတို့ရှိ   အသက်  ၁၂ နှစ် နှင့် အထက် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ( ၉ ) နာရီ မှ စတင်ပြီး   အမှတ် ( ၄) ၊ အခြေခံပညာအထက်တန်းကျောင်း ၊ကံ့ကော်ခန်းမ၌ ဆေးထိုးစုရပ်အဖြစ်သတ်မှတ်ပြီး  ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ  ထိုးနှံပေးလျက်ရှိကြောင်းသိရသည် ။ 

 

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်နေရာသို့   ဆေးထိုးရန် လာရောက်ကြသည့် ကျောင်းသား ၊ ကျောင်းသူ များအား  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လက်ဆေးခြင်း ၊ Mask   နှင့် Face Shield  များတပ်ဆင်ခြင်း ၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း ၊ စာရင်းများရေးသွင်းခြင်း နှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်းစသည့်  ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ပြီး  ကျန်းမာရေးဝန်ထမ်းများ ၊ ပညာရေးဝန်ထမ်းများ နှင့် တာဝန်ရှိသူများ  ပူးပေါင်းကာ ကာကွယ်ဆေး ( ၁ ) လုံးလျှင် လူဦးရေ  ( ၂ )  ဦးနှုန်းဖြင့် ထိုးပေးလျက်ရှိသည် ။ 

 

ဆက်လက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသည့်  ကျောင်းသား ၊ ကျောင်းသူများကိုလည်း နောက်  ဆက်တွဲကျန်းမာရေးအခြေအနေများ သီးသန့်ထားရှိစောင့်ကြည့်စေကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အပြည့်အဝပေးလျက်ရှိပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ  သိရသည် ။

 

ခရိုင် ( ပြန်/ဆက် )