ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အသက်(၁၂)နှစ်ပြည့်ပြီး (၁၈)နှစ် အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

နမ့်ဆန်  အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အခြေခံပညာ အထက်တန်း ကျောင်းခွဲ (အလက−၁)ကျောင်းရှိ ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က စတင်ကာ ကာကွယ်ဆေးဖြင့် လွှမ်းခြုံသော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင် ကြားနိုင်ဖို့ ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး ထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အသက်(၁၂)နှစ်ပြည့်ပြီး(၁၈)နှစ် အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းသား/ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးများစတင်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးရာတွင် ပထမအသုတ်တွင် Sinovac အမျိုးအစားကာကွယ်ဆေး (၂၅)လုံးရရှိပြီး ကာကွယ်ဆေးတစ်လုံးလျှင်(၂)ဦးနှုန်းဖြင့် စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၅၀)ဦးအား ထိုးနှံပေးနိုင်မည် ဖြစ်ပြီး နောက်ရက်များတွင်လည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။

နမ့်ဆန်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူထားသည့် အသက် (၁၂)နှစ် ပြည့်ပြီး (၁၈)နှစ် အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူစုစုပေါင်း ဦးရေ (၉၀၂)ဦး ရှိကြောင်း မြို့နယ်ပညာရေး ဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နန်းဆိုင်(ပလောင်ဒေသ)