ဆီဆိုင် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က သတ်မှတ်ထားသော နေရာများ၌ ဆေးထိုးအဖွဲ့များဖြင့် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ Volunteer များမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၃၄၉)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်း ဆေးထိုးစုရပ်များဖြစ်သည့် အ.ထ.က(ဘုရားဖြူ)၊ အ.ထ.က(ဆိုက်ခေါင်)၊ အ.ထ.က (နောင်ထော်)၊ အ.ထ.က(ဘန်းယဉ်)၊ အ.ထ.က (လွယ်ပွတ်)၊ အ.ထ.က (ထမ့်ယမ်း)၊ အ.ထ.က (ပန်ကန်း)၊ အ.ထ.က(ဆိုင်လဲ)၊ အထက(ပချားကလို့)၊ အထက(ပန်အွန်း)၊ အ.ထ.က (နောင်မွန်)၊ အ.ထ.က (နားမွန်း)၊ အလက(မမုံ့ဆုံ)၊ နောင်ရင်း အခြေခံပညာ မူလတန်းလွန်ကျောင်းစသည့် ဆေးထိုးစုရပ် (၁၄) နေရာများတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် အသက် ၁၂ နှစ် နှင့်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)