ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒဂုံမြောက် ဩဂုတ် ၁၈

ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံ၍ ကလေး သူငယ်များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းကျော်မှ အဖွင့်အမှာစကား ပြောကြားပြီး ကလေး သူငယ်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝါထွန်းမှ ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြ ခြင်းဖြင့် အားနည်းချက်၊ အားသာချက်များကို ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ချမှတ် နိုင်ရန် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူညီ ပံ့ပိုးပေးနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးဒေါ်နီနီမြင့်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာသော မြို့နယ်ကော်မတီဝင်များမှ မြို့နယ်အတွင်း ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြင့်ရီ(ပြန်/ဆက်)