မဘိမ်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မဘိမ်း အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ် ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အဆောက်အအုံသစ်နှင့် သတ်မှတ်ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးမထိုးမီ စာရင်း ပေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် သွေးထဲတွင် ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာ ပေးခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ပုံမှန်အခြေအနေဖြစ်မှသာ ကျန်းမာရေးဝန်ထမ်း များက ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့်ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကာကွယ် ဆေး (အခမဲ့) ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် မြို့နယ်အတွင်းရှိ ပြည်သူများနှင့် သတ်မှတ်အုပ်စုများတွင်ပါဝင်သူများကို အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ်သုံးနေရာ ခွဲ၍ ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင်  ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)