တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

ရန်ကုန် အောက်တိုဘာ  ၁၈

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင် အမြန် ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်း အချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေ မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“ယခုလို မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့အတွက် ပထမဦးဆုံးအနေနဲ့ မိဘအုပ်ထိန်းသူတွေရဲ့ သဘောတူညီချက်ကို အရင်ဆုံး ရယူပါတယ်။ နောက်တစ်ခုက ကလေးတွေအနေနဲ့ ဆေးထိုးတဲ့အခါမှာ ဖျားနေတာတို့၊ အတက်ရောဂါရှိတာတို့၊ တခြားရောဂါရှိတဲ့ ကလေးတွေကိုတော့ ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေးထိုးသင့်တယ် ဆိုမှ ထိုးနှံပေးတာဖြစ်ပါတယ်။ ဒါကြောင့် မိဘအုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို ကိုဗစ်-၁၉ရောဂါ ကူးစက်မခံရစေဖို့ ကာကွယ်ဆေးကို ယုံယုံကြည်ကြည်နဲ့ လာရောက်ထိုးနှံကြပါလို့ တိုက်တွန်း ပြောကြားချင်ပါတယ် ” ဟု တာမွေ မြို့နယ်ပညာရေးမှူး ဒေါ်ခင်စမ်းရီက ပြောကြားခဲ့သည်။

အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း အဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မိဘဆရာ အသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေး အသင်းဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။

“သမီးတို့လို ကျောင်းသား/သူတွေကို နိုင်ငံတော်ကနေ ကိုဗစ်-၁၉ရောဂါ မဖြစ်အောင်လို့ ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက် နိုင်ငံ့အကြီးအကဲများနှင့် ဒီမှာလာရောက် ထိုးနှံပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူး အထူးပဲ တင်ရှိပါတယ်။ ရောဂါကို မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်မှ ကုသခြင်းထက် ပိုထိရောက်တယ် ဆိုတဲ့အတိုင်း ကာကွယ်ဆေး မထိုးနှံရသေးတဲ့ သူငယ်ချင်းတွေကိုလည်း လာရောက် ထိုးနှံကြဖို့ တိုက်တွန်းချင်ပါတယ် ” ဟု တာမွေမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ ​အဋ္ဌမတန်းကျောင်းသူ မသဲသဲက ပြောသည်။

ထိုကဲ့သို့ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း ကျောင်း (၄)ကျောင်းမှ ကျောင်းသား/သူ (၁၁၂)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (၇)ကျောင်းမှ ကျောင်းသား/သူ (၇၉၁)ဦးနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၄)ကျောင်းမှ ကျောင်းသား/သူ (၂၄၇)ဦး၊ စုစုပေါင်း မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁၁၅၀)ဦးတို့ကို ဆေးရရှိမှုအပေါ် မူတည်ပြီး ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်