ကျောက်ပန်းတောင်း အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကူးစက်ပြန့်ပွား မှု လျော့နည်းကျဆင်းစေရေးအတွက် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင် လျက်ရှိရာ၊ ယနေ့ နံနက်(၈)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကာကွယ်ဆေးများ မဖြစ်မနေထိုးနှံကြရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လှည့်လည် အသိပညာ ပေး နှိုးဆော်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မော်တော်ယာဉ် နှင့်အသံချဲ့စက်များ ပံ့ပိုးကူညီပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများက ပြည်သူများ မလိုအပ်ပဲ အိမ်အပြင်ထွက် သွား/လာ ခြင်းမပြုလုပ်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ပါကလည်း နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင် အသုံးပြုခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ပြောဆိုဆက်ဆံကြရန်၊ အိမ်ပြန်ရောက်တိုင်း(သို့မဟုတ်) တစ်ခုခု ကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် မိနစ်(၂၀)ခန့် စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့် တစ်ဦး သတိပေးခြင်းနှင့် အသိပေးခြင်းများဆောင်ရွက်ရန်နှင့်၊ မိမိနှင့် မိမိပတ်ဝန်းကျင်တွင် ကိုဗစ်-၁၉ သံသယဖြစ်ဖွယ်လက္ခဏာတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ အမြန်ဆုံးအကြောင်း ကြားခြင်းနှင့် စစ်ဆေးကုသခြင်းများဆောင်ရွက်ကြရန် အသိပညာပေးပြီး၊ ယခုနိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးလျှက်ရှိရာ၊ အသက်(၁၂)ပြည့်ပြီး ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်ပြည်ပြီး ရဟန်း/လူ ပုဂ္ဂိုလ် များအနေဖြင့် လူမှုဘဝ လုံခြုံရေးအတွက် ကာကွယ်ဆေးများ မဖြစ်မနေ သွားရောက်ထိုးနှံကြရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)