ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိ

ငါ့သရောက် အောက်တိုဘာ   ၁၈


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ၊ ယနေ့ နံနက်(၈)နာရီက မြို့အတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည် ဆော်ဩ အသိပညာပေးခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်းကို အသံချဲ့စက်ဖြင့် လှည့်လည် ဆော်ဩခဲ့ကြသည်။ အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ကျစေရန်နှင့်လျှင်မြန်စွာ ထိန်းချုပ်ကုသနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်တိုင်း Mask ကို စနစ်တကျ တတ်ဆင်ကြရန်၊ မိမိတွင် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်၍ မပျက်မကွက် ကုသမှုခံယူကြရန်နှင့် နိုင်ငံတော်မှ အခမဲ့ ထိုးနှံပေးနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးနှံကြရန်တို့ကို အသိပညာ ပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေအောင်