ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင်အခြေခံပညာမူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပျော်ဘွယ် အောက်တိုဘာ ၁၈


ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကလေးငယ်များ စာပေလေ့လာဖတ်ရှုတတ်စေရေး၊ မြန်မာ့ရိုးရာ စကားပုံများကို သိရှိနားနိုင်ရေးကိုရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်း သူများအား စကားပုံဆက်ပြိုင်ပွဲ နှင့်ဆုချီးမြှင့်ပွဲကို အောက်တိုဘာလ(၁၈)ရက်၊ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်သည်။


စကားပုံဆက်ပြိုင်ပွဲကျင်းပမှုနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင် က “ယခုပြိုင်ပွဲကျင်းပရတာ ကတော့ ကျွန်တော်တို့အနေနဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေကို စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ရအောင်၊ မြန်မာ စကားပုံတွေနဲ့ရင်းနှီးလာအောင် ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပေးခြင်းဖြစ်ပါတယ်၊ ပြိုင်ပွဲကျင်းပတဲ့အခါမှာလည်း ကျန်းမာရေးဝန်ကြီးဌာနမှသတ်မှတ်ထားတဲ့ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်”ဟု ရှင်းပြသည်။


ဆက်လက်၍ အခြေခံပညာမူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင် က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မင်းမင်းထွေး(ပျော်ဘွယ်)