ရမည်းသင်းမြို့နယ်အတွင်း အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယနေ့ ဆက်လက်ထိုးနှံပေး

ရမည်းသင်း  အောက်တိုဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းတို့ တွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုမှ   ကြိုတင်ကာကွယ်နိုင်ရန်အတွက်    ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ဒုတိယ ရက်ကို  ယနေ့နံနက် (၉) နာရီက ရမည်းသင်းမြို့ ဝါတိုးအရှေ့မူလတန်းလွန်ကျောင်း အလယ်တန်းဆင့် ကျောင်းသား/သူ(၉၀) ဦး ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာန ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာများရှိ စေတနာ့ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာ ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာ ခြင်းများပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးနောက် ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား/ သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက် မှုများဆောင်ရွက်ပေးကြသည်။

ရမည်းသင်းမြို့နယ်အတွင်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယရက် ထိုးနှံခြင်းကို အ.ထ.က မြို့မကျောင်း၊ အ.ထ.က ဘွတ်ကျောင်း၊ အင်ကြင်ကန် အလယ်တန်းကျောင်း၊ အ.ထ.ကခွဲ ထနှောင်းကုန်းကျောင်း၊ ဗျဉ်းကပ်မူလွန်ကျောင်း၊ ကမ်ဘဲ့ အ.လ.ကကျောင်း၊ အ.ထ.က ထီးလိုင်ကျောင်၊ အ.ထ.ကခွဲ လွှစင်ကျောင်း၊ အ.ထ.ကခွဲတောင် ကန်ကြီးကျောင်း၊ အ.လ.ကခွဲဂွေးကုန်းကျောင်းနှင့် အ.လ.က အင်းပေါင်ကျောင်း များရှိ စုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်တွင် အခြေခံပညာကျောင်း အထက်တန်းနှင့် အလယ်တန်းကျောင်းပေါင်း (၁၁၀) ရှိပြီး ကျောင်းသား (၁၂၃၇၆) ဦးကို အောက်တိုဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်နေ့မှ ဒီဇင်္ဘာ ၁၀ ရက်နေထိ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော် ထံမှသိရသည်။

ဇော်ဝင်းအောင်