ပေါင် အောက်တိုဘာ ၁၈
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ယူခွင့်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးအတွက် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ များအား အောက်တိုဘာ ၁၈ရက် နံနက် ၉နာရီက အလှပ်ကျေးရွာ အ.ထ.က ကျောင်းနှင့် သဲကုန်းကျေးရွာ အ.ထ.ကကျောင်း စုရပ်များတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ပေါင်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၂၄)ကျောင်း၊ အလယ်တန်းကျောင်း (၃၇)ကျောင်း၊ စုစုပေါင်း (၆၁)ကျောင်းမှာရှိတဲ့ အထက်တန်းအဆင့်ကျောင်းသား (၁၆၃၂)ယောက်၊ အလယ်တန်းအဆင့် ကျောင်းသား (၆၅၃၄) ယောက်၊ စုစုပေါင်း (၈၁၆၆)ယောက်ကို Sinovac ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်ထားရှိကြောင်း သိရသည်။
ဝဏ္ဏမောင် (ပြန်/ဆက်)