ရပ်စောက် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းရှိ/မရှိ (RDT) Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်း ဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာကြသည့် ပြည်သူ(၅၀၃)ဦးအား (RDT) Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ (၁၆)ဦးတွင် ကိုဗစ်-၁၉ရောဂါ တွေ့ရှိရ၍ ၎င်းပိုးတွေ့လူနာများအား တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် အောက်တိုဘာလ (၁၆)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြု လူနာစုစုပေါင်း (၂၆၆၉)ဦး၊ ပိုးကင်းစင်၍ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း (၂၁၈၀) ဦး၊ ဆေးကုသမှု ခံယူလျက်ရှိသူ စုစုပေါင်း (၄၄၃)ဦးနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး သေဆုံးလူနာ စုစုပေါင်း (၄၆)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ သိရသည်။
ရဲထက်ဦး (ပြန်/ဆက်)