နမ္မတူ အောက်တိုဘာ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့လယ် (၁)နာရီအချိန်ခန့်က စတင်ကာ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အသက် (၁၂) နှစ်ပြည့်ပြီး (၁၈)နှစ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ယခု အသုတ်တွင် Sinovac အမျိုးအစား ကာကွယ်ဆေး (၁၆၈) လုံး ရရှိပြီး ကာကွယ်ဆေး တစ်လုံးလျှင် ၂ ဦး နှုန်းဖြင့်၊ စုစုပေါင်း လူဦးရေ ၃၃၆ ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်ပြီး ယမန်နေ့ နေ့လယ်ပိုင်းတွင် အသက် (၁၂) နှစ်ပြည့်ပြီး (၁၈)နှစ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၅၀ အား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ကာကွယ်ဆေးများ အား နောက်ရက်များတွင် ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေအား ဗိုလ်မှူးကြီး ကျော်ဇေဝင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ ကာကွယ်ဆေး ထိုးနှံလျက်ရှိသည့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ကျောင်းသူများအား အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အပြင် ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူမျာပြုတပ်ဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့သည်။
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူထားသည့် အသက် (၁၂) နှစ်ပြည့်ပြီး (၁၈)နှစ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ဦးရေ ၉၀၆ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးလင်းအောင်ထံက သိရသည်။
လူမော် (ပြန်/ဆက်)