တကောင်း အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၌ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် တကောင်းမြို့ အ-ထ-ကကျောင်း၊ ပေါ်တော်မူ အ-ထ-က(ခွဲ)၊ ညောင်လေးပင် အ-လ-ကကျောင်း၊ ကျောက်အိုက် အ-လ-က(ခွဲ)၊ ရေယာဉ် အ-လ-က(ခွဲ)၊ ရတနာရွှေမြေ အ-လ-က(ခွဲ) ကျောင်းများမှ လယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၇၅)ဦးအား ကျန်မာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးကာ ဆေးထိုးနှံခဲ့ပြီးသော ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပြီး နောက် ဆက်တွဲပြဿနာ၊ အန္တရာယ်တစ်စုံတရာရှိ၊ မရှိသိရှိနိုင်ရန် နာရီဝက် စောင့်ကြည့်ပြီးမှသာ ပြန်လည် ထွက်ခွာခွင့်ပြုကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေး အသင်းအဖွဲ့များက ပူပေါင်းဆောင်ရွက်ကာ ကာကွယ်ဆေးလာရောက်ထိုးနှံပေးကြသော ကျောင်းသားမိဘများအား ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သီရိအောင် (တကောင်း)