ရှမ်း/မြောက်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂) နှစ် ပြည့်ပြီးသော ကျောင်းသားကျောင်းသူ (၁) သောင်း (၂) ထောင်ဦးကျော်အား Sinovac ကိုဗစ်(၁၉) ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

လားရှိုး     အောက်တိုဘာ   ၁၈

လားရှိုးမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် အောက်တိုဘာ (၁၆) ရက်နေ့က Sinovac ကိုဗစ်(၁၉) ကာကွယ်ဆေး အလုံးရေ (၆၀၁၆) လုံးအား ရှမ်း/မြောက် တစ်ခုလုံးစာအတွက် ရောက်ရှိခဲ့ပြီး လားရှိုးခရိုင် ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက လားရှိုးလေဆိပ်၌ လွှဲပြောင်းလက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ခရိုင်(၇)ခရိုင်ရှိ  အခြေခံပညာကျောင်းများမှ အလယ်တန်း၊ အထက်တန်းအဆင့် အသက်(၁၂)နှစ်ပြည့်ပြီးသူကျောင်းသားကျောင်းသူ (၃၂၂၇၉)ဦးရှိနေပြီး ယခုရရှိသော ဆေးအလုံးရေ(၆၀၁၆)လုံးမှ ကျောင်းသားကျောင်းသူ (၁၂၀၃၂)ဦးကို ပထမအကြိမ် စတင်ထိုးနှံပေးသွားမည် ဖြစ်သည်။

လားရှိုးမြို့နယ်အနေဖြင့် ယခုရရှိသော ဆေးအလုံးရေ (၁၃၀၈) လုံး မှ ပထမအကြိမ် ကျောင်းသားကျောင်းသူ (၂၆၁၆) ဦးတို့ ထိုးနှံနိုင်မည်ဖြစ်သည်။ အောက်တိုဘာ (၁၇)ရက် မွန်းလွဲ (၂) နာရီ အချိန်က အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ အလယ်တန်း၊ အထက်တန်းအဆင့် အသက်(၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသားကျောင်းသူ(၂၀၀)ဦးကို Sinovac ကိုဗစ်(၁၉) ကာကွယ်ဆေး၊ ဆေး(၁)လုံးလျင် လူ(၂)ဦးနှုန်းဖြင့် စတင်ထိုးနှံပေးခဲ့ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိအရာရှိများ၊ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့၊ လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးတို့က ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးရာ၌ လားရှိုးမြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ၊ လူမှုကူညီရေး အသင်းများ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြပြီးလျှင် လားရှိုးမြို့နယ် အနေဖြင့် အလယ်တန်း၊ အထက်တန်းကျောင်းသားကျောင်းသူများတွင် အခြေခံ ပညာကျောင်းများ၊ဘက ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ကိုးကန့်ကျောင်းများမှ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၃၉၅) ဦးတို့ကို ဆေးထိုးနေရာ(၈)ခုနှင့်ဆေးထိုးအဖွဲ့ (၅) ဖွဲ့တို့မှ သတ်မှတ်ရက်များအလိုက် ကိုဗစ်(၁၉)ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်ဌေး