တောင်ကြီး သြဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်၍ မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အမိန့် ညွှန်ကြားချက်များနှင့်အညီ မဲပေးနိုင်ရေးအစီအမံများ ရှင်းလင်းဆွေးနွေးပွဲကို ခရိုင်/မြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီ က ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင် က မဲစာရင်းကပ်ခြင်း၊ မဲစာရင်းကျန်ခြင်း၊ မိဘအမည်မှားယွင်းခြင်း၊ မွေးသက္ကရာဇ်မှားယွင်းခြင်း၊ နိုင်ငံသားစိစစ်ရေး အမှတ် မှားခြင်းနှင့် ကွက်လပ်ဖြစ်နေခြင်း၊ အမည်စာလုံးပေါင်းသတ်ပုံနှင့် သံတူကြောင်းကွဲ မှားယွင်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်၊ နှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် နှင့် ဆယ်အိမ်မှူးများ လမ်းမှူးများက ပြည်သူများသိရှိအောင် အမျိုးမျိုးသော နည်းဖြင့် အသိပေးခြင်း၊ မဲစာရင်းတိကျမှန်ကန်ရေး ပြန်လည်စိစစ်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုများ ကွင်းဆင်းစိစစ်ရေး အဖွဲ့များ ဖွဲ့စည်းခြင်းစသည့် အချက်များဖြင့် မဲစာရင်းများ ပြည့်စုံ မှန်ကန်ရေးနှင့် စနစ်တကျ မဲပေးနိုင်ရေး အစီအမံများ ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။
ဆက်လက်၍ တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းရွှေ မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီ စနစ်တကျမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး တက်ရောက် လာသူများမှ မဲစာရင်းများမှန်ကန်ရေးနှင့် စနစ်တကျမဲပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးကြပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များ၊ တောင်ကြီးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ၊ ကလော၊ ဖယ်ခုံမြို့နယ်များမှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ တက်ရောက်ကြ ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)