လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု နှုန်းလျော့ချရေးနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့အတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အ.ထ.က (၈)ကျောင်းရှိ ရတနာထွန်းခန်းမ၌ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်း(၂၇) ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၃၄၆၈)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်‌ဝေဝေချိုထံမှ သိရသည်။

ထိုသို့ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်တုံ့ပြန်ရေး အထောက်အကူပြုအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေ နီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)