ပျော်ဘွယ်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ပျော်ဘွယ် အောက်တိုဘာ ၁၈

ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sionvic)ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှ စတင်ကာ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆေးထိုးစုရပ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးစုရပ်အဖြစ် (၁၈) နေရာ သတ်မှတ်ထားပြီး အခြေခံပညာကျောင်းပေါင်း (၉၇) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၄)ကျောင်း၊ စုစုပေါင်း(၁၀၆) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၈၂၀၁)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ရက်များ အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)