ပုသိမ်ကြီး အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ပုသိမ်ကြီးမြို့နယ်ရှိ အထက-ပုသိမ်ကြီး၌ ကျောင်းသား/ကျောင်းသူ များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ ပေးလျက်ရှိသည်။
ယခုအချိန်တွင် မြန်မာတစ်နိုင်ငံလုံးရှိ အသက် (၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး၊ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်၊ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန်၊ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အထက-ပုသိမ်ကြီး၊ ခမရ-၁၁၉၊ ကျွဲရေကုန်း(မူလွန်)၊ ရေထွက်၊ စည်သာယာ၊ ပုဏ္ဏားကုန်း၊ သစ်ချိုကုန်း၊ တဲကုန်း၊ ကျီကုန်း၊ ညောင်ပင်သာ၊ ချောင်းဝန်း ကျောင်းတို့တွင် စုစုပေါင်း ကျောင်းသားကျောင်းသူ (၉၀၇)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း အထက-ပုသိမ်ကြီး ကျောင်းအုပ်ကြီးထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပုသိမ်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေစေရန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို