မင်္ဂလာဒုံ အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃၂၃)ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်၊ အောင်စိုးမိုး ခန်းမတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခဲ့သည့် တပ်များမှာ အမှတ်(၃၂၃)ထောက်ပံ့ရေးတပ်၊ အမှတ်(၉၆၀) ဆောက်လုပ်ရေးတပ်၊ အမှတ်(၉၆၈)ဆောက်လုပ်ရေးတပ်၊ အမှတ်(၂)စစ်ဘက်ရေးရာ လုံခြုံရေးတပ်နှင့် တပ်မတော် စစ်ဘက်ဆိုင်ရာ လုံခြုံရေး သင်တန်းကျောင်းတို့ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း(၂၇၇)ကတ်နှင့် အိမ်ထောင်စုစာရင်း(၁၂)စုတို့အား ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မင်္ဂလာဒုံတပ်နယ်မှူး ဗိုလ်မှူးချုပ်ဝင်းဗိုလ်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများဖြစ်သည့် သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီး ဦးစီးမှူးဦးအောင်ဝင်းသိန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမြို့နယ် ဦးစီးမှူး ဦးမြင့်သူ အောင်တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလ(၃)ရက် နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများကိုလည်း ဆက်လက်၍ ကွင်းဆင်းပြုလုပ်ဆောင် ရွက် ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
သန္တာ