သိန္နီ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို သက်ဆိုင်ရာဆေးထိုးစုရပ်များ တွင် ယနေ့မွန်းလွဲ(၁:၀၀)နာရီအချိန်ခန့်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ လိုအပ်သည့် ကူညီမှု များ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ပေါင်ချိန် တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
သိန္နီမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးမည့် အခြေခံပညာကျောင်းပေါင်း (၁၈)ကျောင်းမှ အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၆၇)ဦးကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။