ကျောက်မဲမြို့အတွင်းရှိဆိုင်များ မီးရှူး၊ မီးပန်းနှင့်ဗျောက်အိုးများ ရောင်းချမှုမရှိစေရေး ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး သတိပေး

ကျောက်မဲ      အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်   ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများက  စည်ပင်သာယာရေးဌာနပိုင် ဗဟိုဈေးနှင့် မြို့ပေါ်ရှိ အရောင်းဆိုင်များအား လိုက်လံစစ်ဆေး သတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးညွှန့်ရွှေ၊   အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မီးသတ်ဌာနမှတာဝန်ရှိသူများ၊  ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဈေးကော်မတီဝင်များပါဝင်ပြီး  အရောင်းဆိုင်များအနေဖြင့် မီးရှူး၊ မီးပန်းနှင့် ဗျောက်အိုးများ ရောင်းချခြင်း၊ သိုလှောင်ခြင်းမပြုရန်၊ ဈေးရောင်းသူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရန် ကွင်းဆင်းစစ်ဆေး သတိ‌ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက  ဈေးဆိုင်များ၌ မီးသတ်ဆေးဗူးများ စနစ်တကျထားရှိ/မရှိ စစ်ဆေးခဲ့ပြီး  မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  အရောင်းဆိုင်များအနေဖြင့် ဗျောက်အိုး၊ မီးရှူး၊မီးပန်းများ ရောင်းချခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးတားမြစ်ချက်များ လိုက်နာမှုမရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)